,
|

ဆင်ခြေဖုံးရပ်ကွက်အချို့ ဈေးရောင်းချရန် အရင်းအနှီး အတွက် တစ်ရက်တာ ပစ္စည်းပေါင်နှံမှုများရှိ

ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက် အချို့ နေထိုင်သူများသည် ဈေးရောင်းချရန် အရင်းအနှီးအတွက် တစ်ရက်တာ ပစ္စည်းပေါင်နှံမှုများ ရှိကြောင်း သိရသည်။
အခြေခံ စားသောက်ကုန်များ ဈေးတက်လာမှုနှင့်အတူ အခြေခံ လူတန်းစား အများစုမှာ ရရစားစားနှင့် မိမိတို့ စားဝတ်နေရေးကို ဖြစ်သလို ဖြေရှင်းနေရပြီး၊ အခြေခံလူတန်းစား အချို့သည် မိမိတို့ရှိ အိမ်သုံးပစ္စည်းများကို
နံနက်ပိုင်းတွင် ပစ္စည်းလက် ခံသော သူများထံ အပ်နှံကာ ရရှိသောငွေဖြင့် ဈေရောင်းချခြင်း၊ ချက်ပြုတ်စားသောက်ခြင်းများ ပြုလုပ်နေကြရကြောင်းလည်း အဆိုပါ ရပ်ကွက်များတွင် နေထိုင်သူများက ဆိုပါသည်။
''မနက်ကို ဒန်အိုးဒန်ခွက်တွေ သွားပို့ထားလိုက်တယ်။ ရတဲ့ပိုက်ဆံနဲ့ ဈေးရောင်းပြီး အပြန် ည ၉ နာရီ၊ ၁၀ နာရီလောက်မှာ ပို့ထားတဲ့ ဒန်အိုးတွေ ပြန်ရွေးပြီး ချက်ပြုတ်စားသောက်ကြတယ်။ ယူထားတာထက်တော့ နည်းနည်း ပိုပေးရတာပေါ့။ ဒါ ပေမယ့်လည်း ဒီလိုမှမပို့ရင် မနက် ရင်းစရာ မရှိတော့လည်း ပို့ရတာပေါ့''ဟု ရွှေလင်ပန်းရွာမှ ဈေးသည်တစ်ဦးက ပြောပါသည်။
''လကုန်ခါနီး လေးငါးဆယ်ရက်လောက် အလိုမှာ အိမ်ကရှိတာလေးပေါင်ပြီး ချက်ပြုတ် စားသောက်ရတယ်။ ကျပ် ၁၅၀၀၊ ၂၀၀၀ လောက်တော့ ရတယ်။ အတိုးက ၁၀ တိုး။ လေးလနေလို့ ပြန်မရွေးနိုင်ရင်တော့ အဆုံးပေါ့။ တကယ်လို့ အတိုးက တန်ဖိုးနီးပါးများနေရင်လည်း မရွေးတော့ပဲ အဆုံးခံလိုက်တယ်။ အင်္ကျီတို့၊ လုံချည်တို့ပဲ ပေါင်တာပေါ့။ ပေါင်စရာ ရွှေမှမရှိတာ''ဟု လှိုင်သာယာမြို့နယ် ၁၄ ရပ်ကွက်မှ အိမ်ထောင်ရှင်မတစ်ဦး က ပြောပါသည်။
လှိုင်သာယာ မီးခွက်ဈေး အနီးတွင် အပေါင်ဆိုင်များ၊ အပေါင်ဆုံး ပစ္စည်းများ ပြန်လည်ရောင်းချသည့် ဆိုင်များ အများအပြား ရှိကြောင်းနှင့် အပေါင်ဆိုင်များသည် မီးဖိုချောင်သုံးပစ္စည်း၊ အ၀တ်အစားနှင့်ရွှေ စသည် တို့ကို
အပေါင်ခံကြောင်းနှင့် ရွှေအ ပေါင်လက်မှတ် ပြန်လည်ဝယ်ယူသည့် ဆိုင်များလည်း ရှိကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ ဆင်ခြေဖုံးရပ်ကွက်များတွင် ဈေးရောင်းချသူ များပြားလာပြီး၊ အရစ်ကျစနစ်ဖြင့် ရောင်းချသူ များပြားလာကြောင်းလည်း သိရသည်။
''လှိုင်သာယာ၊ ရွှေပြည်သာမှ မဟုတ်ဘူး။ ဆင်ခြေဖုံးရပ်ကွက် တော်တော်များများ ဒီလိုပဲ လုပ်ကိုင် စားသောက်နေကြရတာ။ အဆင်မပြေလို့ ဈေးရောင်းကြရင်း ဈေးသည်တွေ များလာတယ်။ ဒါပေမယ့် ၀ယ်လိုအားကတော့ အရင်ကထက် ကျသွားတယ်။ ဒီတော့ အရင်းအနှီးရဖို့အတွက် အတိုးအမျိုးအမျိုးနဲ့ ချေးတယ်။ ရှိတဲ့ပစ္စည်းကို ပုံစံအမျိုးမျိုးနဲ့ ပေါင်ပြီး အရင်းလုပ်ကြရတယ်။ ဒီလိုဈေးသည် များလာတာတော့ မကောင်းဘူး ထင်တယ်''ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူတစ်ဦး က ပြောပါသည်။

http://www.news-eleven.com မှဖော်ပြပါသည်..

0 comments:

Post a Comment